Sep 30, 2010

ငွေကျိုင်းရှင်

ကြယ်တာရာ စုံလင်ပြီသခင်
ငွေတိမ်လွှာ မျှင်ကာဆင်းပါပေါ့
မြူနှင်းဖြူတို့ ဝေေ၀ဆင်
ကုမုဒြာမှုံ ငုံကာဖူးနေနှင့်
ချစ်သစ္စာအမှန် သဘာဝကိုလ
စစ်မှန်စွာ လှစ်ကာဖော်လို့
ပြတော့မည်ပင်............

လေညှင်းသွဲ့သွဲ့ နှင်းနွဲ့နွဲ့နှင့်
သာစွဝန်းကျင် ဒီတညတွင်
အရှေ့သို့မျှော်မှန်း လွမ်းရသည်တွင်
ရင်၌မောပမ်း ရော်ကာရမ်းလို့
ကံနှောင်းပုံရိပ် ဟိုအတိတ်သို့
လွမ်းမိပါသည်...............
ရင်၌ဖြစ်တည် ချစ်ဒေ၀ီ

ရွှေဂုံသားနှင့် ငွေကျိုင်းသူ
ချစ်လွန်ပွဲ နွဲခဲ့ရအတူ
ညွတ်မေတ္တာ မောင့်အပေါ်ရှိနေပြီဟု
သိရစဉ်မြန်မကြာမှာတော့
မိစ္စာဖြတ်လို့ ပျက်ခဲ့ပြီပင်
နိဂုံးစီမောင့်အပေါ်မှာတော့
ရွှေစိတ်တော် အထင်လွဲလို့အငြိုးတင်
ဝေးရပ်သို့အစဉ် နှင်လေပြီလား
ငွေကျိုင်းရှင်ရယ်.........

ယခုရပ်နေ ကမ္ဘောမြေသည်
သခင်စံနန်း မြစိမ်းတန်းအလယ်
ဗွေဝိုက်တောတန်း မြတောင်တန်းဝယ်
ဘော်ငွေရောင်လွှမ်း နှင်းမြူစမ်းလို့
ကုမုဒြာပန်း ပွင့်လန်းပြီပင်
ထင်းရှုးရနံ့တောရိပ်ပျံ့  နှင့်
အမောင်ဘယ်မျှလွမ်းရသည်ကို
ချစ်သူကျိုင်းရှင် သိစေချင်သည်
မျက်ရည်ပုလဲ မြေမှဝဲရစ်ပြီ.....

သခင်...................
သာယာချမ်းမြတောင်တန်းညသည်
မောင့်မှာတော့ဖြင့်မရွှင်သာ
ရင်မှာမောပမ်း သဲငယ်လွမ်းသည်
ဘ၀င်ပမ်း ရင်၌နွမ်းပါသည်.....

ထိုထိုမနော ဤစိတ်ဇောကြောင့်
လွမ်းမောဖွယ်ပမ်းသည်
မျက်ရည်တို့လဲ ခမ်းရော့မည်
ရည်ရွယ်သူပျောက်ပြေးပြီမို့
သြော်.......................
ဒီဘ၀ ဒီစခန်းမှာဖြင့်
အပြီးတိုင်ဝေးကြပြီထင်ပါရဲ့
မောင်ချစ်မိတဲ့ ငွေကျိုင်းဒေ၀ီ
ကမ္ဘောဇ၀တီ ရယ်...............

                                      မင်းနောင်ရိုး 

No comments:

Post a Comment